Tuesday, November 1, 2011

"အအေးမိ ဖျားနာခြင်းကို မှန်ကန်စွာ သဘောပေါက်ခြင်း"

နှစ်စဉ်နှစ်တိုင်း မိုးဦးကျနဲ့ မိုးနှောင်းမှာ အအေးမိ တုပ်ကွေးရောဂါ အဖြစ်များပါတယ်။ ဒါပေမဲ့ အခုလို လာနီညာ လွှမ်းမိုးခြင်းခံရတဲ့ နှစ်မှာတော့ ပိုအဖြစ်များတတ်တာ  တွေ့ရပါတယ်။ မိုးက အေးစိမ့်ပြီး ရွာချတယ်။ ဒီအတိုင်း တစ်နေ့လုံး မိုးစွေနေပြီထင်ပေမယ့် ခဏနေတော့ ခြစ်ခြစ်တောက် ပူလာပြန်ရော။ နေသာနေရာကနေ မိုးရွာချင် ရွာလာပါတယ်။ ဒီလို ပတ်ဝန်းကျင် အပူချိန် (Environmental Temperature) မြင့်ပြီး လေထုစိုထိုင်းမှု (Humidity) လည်းများတဲ့ ရာသီဥတုဟာ ဗိုင်းရပ်စ်ပိုးတွေ ပေါက်ပွားမှုကို အားပေးလို့ အအေးမိဖျားနာခြင်းကို ပိုဖြစ်စေပါတယ်။ ရာသီဥတု အပြောင်းအလဲမှာ ပိုးတွေရဲ့ မျိုးရိုးဗီဇတွေကပါ ပြောင်းသွားလို့ ပုံမှန် ခံနိုင်ရည်ရှိပြီးသား နှစ်စဉ်မိနေကျ တုပ်ကွေးနဲ့မတူတဲ့ အပြင်းစား တုပ်ကွေးတွေ ပေါ်လာတတ်ပါတယ်။ ဒါကြောင့် အခုလို ရာသီဥတု အပြောင်းအလဲ ပြင်းထန်ချိန်မှာ သာမက တစ်နှစ်ပတ်လုံး သတိပြုလို့ရအောင် အအေးမိဖျားနာခြင်းရဲ့ အခြေခံ အချက်အလက်များကို စုစည်းရေးသား ဖော်ပြလိုက်ပါတယ်။
 ဒီနေရာမှာ မတူကွဲပြားခြားနားပြီး အယူလွဲနေတဲ့ စကားနှစ်ရပ်ကို သိပ္ပံနည်းကျ ရှင်းပြချင်ပါတယ်။ အအေးမိလို့ ဖျားတာနဲ့ အပူရှပ်လို့ ဖျားတာလို့ မြန်မာစကားမှာ ရှိပါတယ်။ အဲဒီ စကားနှစ်ခုက ဆန့်ကျင်ဘက် အသွင်ကို ဆောင်တဲ့အတွက် မတူဘူးလို့ ထင်ရပါတယ်။ တကယ်တမ်းကတော့ အတူတူပါပဲ။ အပူချိန် မြင့်မားတဲ့နေရာကနေ ချက်ချင်းအေးတဲ့နေရာကို ဝင်လိုက်တယ် (ဥပမာ - နေပူထဲကနေ အမိုးအောက် အေးတဲ့နေရာ ဝင်လိုက်ရင်း ပန်ကာလေ ခံလိုက်တယ်၊ ဒါမှမဟုတ် ရေခဲရေ သောက်လိုက်တယ်) ဆိုရင် ကိုယ်ကသာ မသိလိုက်ပေမယ့် ခန္ဓာကိုယ်ကတော့ ကြီးမားတဲ့ အပူချိန် ခြားနားမှုဒဏ်ကို ခံလိုက်ရပြီး ချက်ချင်း လိုက်ထိန်းညှိပေးဖို့ မမီလိုက်ဘဲ ကိုယ်တွင်းဖြစ်စဉ် အချို့ ကမောက်ကမ ဖြစ်ခြင်းနဲ့ ကိုယ်ခံအား စနစ်ပါ သွားထိခိုက်ပါတယ်။ တုပ်ကွေး ဗိုင်းရပ်စ်တွေဆိုတာက ကျွန်တော်တို့ ပတ်ဝန်းကျင်က လေထုထဲမှာ၊ မျက်နှာပြင်တွေ (ဥပမာ-စားပွဲ၊ အသုံးအဆောင် ပစ္စည်း၊ တံခါးလက်ကိုင် စတာတွေ) ပေါ်မှာ အမြဲရှိနေတာဖြစ်ပြီး ကိုယ်ခံအား ကျသွားတဲ့ ခဏမှာပဲ အကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။ ထို့အတူ အအေးဒဏ်ကို ကောင်းကောင်း ခံလိုက်ရရင်လည်း ကိုယ်ခံအားစနစ် ရုတ်တရက် ချို့ယွင်းသွားပြီး ဖျားနာတတ်ပါတယ်။ ဒီနှစ်ခုဟာ အတူတူပဲဖြစ်ပြီး တုပ်ကွေး ဗိုင်းရပ်စ်ကြောင့် တုပ်ကွေးမိသွားတဲ့ ဖြစ်စဉ်သာ ဖြစ်ပါတယ်။ အနောက်ကမ္ဘာနဲ့ တန်းတူ သိပ္ပံ မထွန်းကားခဲ့ပေမယ့် ကျွန်တော်တို့ ဘိုးဘွားတွေရဲ့ ဖျားရင်တိုက်တဲ့ ကွမ်းရွက်ပြုတ်ရည်၊ လက်ဖက်ရည်နွေးကြမ်း၊ ကြက်စွပ်ပြုတ်၊ ဂျင်းပြုတ်ရည်စတဲ့ အိမ်တွင်းဖြစ် ဆေးဝါးတွေဟာ ကိုယ်ခံအားကို မြန်မြန်ပြန်တက်စေပြီး တုပ်ကွေးပိုးတွေကို ဖယ်ရှားပစ်နိုင်တာ တွေ့ရပါတယ်။
 ဒါ့အပြင် မိုးရွာပြီးစအချိန် လျှောက်မသွားနဲ့ဆိုတဲ့ စကားက အယူသည်းလို့ ပြောတယ် ထင်ရပေမယ့် ရှေးလူကြီးတွေက သူတို့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောခဲ့တာဖြစ်ပြီး တကယ်လည်း မှန်ကန်မှုရှိပါတယ်။ အဲဒီအချိန် လေထုထဲမှာ တုပ်ကွေး ဗိုင်းရပ်စ်တွေ အများကြီး ပျံ့နှံ့နေတာ တကယ်ပါပဲ။ နှာချေခြင်း၊ လည်ချောင်း(အာခေါင်) မှာ မသက်မသာနဲ့ နာလာခြင်း၊ နှာရည်ကျခြင်း၊ ကိုယ်လက်ကိုက်ခဲ မအီမသာဖြစ်ခြင်းတွေ ဖြစ်လာပြီဆိုရင် အအေးမိပြီး ဖျားတော့မယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါဟာ အမျိုးမျိုးသော ဗိုင်းရပ်စ်တွေ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ဝင်ရောက် ကူးစက်ရာကနေ ဖြစ်ပေါ်လာတဲ့ လက္ခဏာစုတွေပဲ ဖြစ်ပါတယ်။ အအေးမိ ဖျားနာခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးပေါင်း ၂၀၀ ကျော် ရှိပါတယ်။ ဖြစ်ဖြစ်သမျှသော အအေးမိ ဖျားနာခြင်းတွေရဲ့ (ရေမြေရာသီဥတု အပေါ်မူတည်ပြီး) ၁၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ ဖြစ်စေတဲ့ အဓိက တရားခံကတော့ ရိုင်နိုဗိုင်းရပ်စ် (Rhino Virus) ပဲ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် (Coronavirus) ကတော့ ၂၀ ရာခိုင်နှုန်းလောက်ကို ဖြစ်စေပါတယ်။ ကလေးငယ်တွေမှာ ပိုအဖြစ်များတဲ့ Respiratory Syncytial  Virus  ခေါ် RSV ဗိုင်းရပ်စ်ကတော့ အအေးမိခြင်းတွေ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက် ဖြစ်စေတာ လေ့လာတွေ့ရှိရပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်က အရာဝတ္ထုတွေရဲ့ မျက်နှာပြင်တွေ (ဥပမာ- အများသုံး ကွန်ပျူတာ ကီးဘုတ်၊ တယ်လီဖုန်းခွက်၊ ပန်းကန်ခွက်ယောက် စတာတွေ) ကို ထိကိုင်မလိုက်ပြီး ပါးစပ်နဲ့ နှာခေါင်းတွေက ပွတ်သပ်မိတယ်ဆိုရင် ဗိုင်းရပ်စ်တွေဟာ အသက်ရှူ လမ်းကြောင်းထဲ ကူးစက် ဝင်ရောက်သွားကြပါတယ်။ အဲလို ပိုးရှိနေတဲ့သူရဲ့ နှာချေ၊ ချောင်းဆိုးခြင်းတွေက တစ်ဆင့် မိသားစုတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီက အလွယ်တကူ ကူးစက်သွားနိုင်သလို အများနဲ့ဆိုင်တဲ့ နေရာတွေမှာ ပိုးတွေထားခဲ့ပြီး လူထုတစ်ရပ်လုံးအထိ ကူးစက်ပျံ့နှံ့ခြင်း ခံရတာ ဖြစ်ပါတယ်။
 အအေးမိ ဖျားနာခြင်းရဲ့ အကြောင်းရင်းတွေက ဘာလဲ
 အဓိကအကျဆုံး အကြောင်းတရာက လေထုထဲကပိုးတွေ အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်ကူးစက်ခြင်း၊ မသန့်ရှင်းတဲ့ လက်ကနေတစ်ဆင့် အကူးစက်ခံရခြင်းတွေဖြစ်ပြီး အဲလိုဖြစ်စေတဲ့ အခြေခံ အကြောင်းတရားက ကိုယ်ခံအား ကျနေတာပဲ ဖြစ်ပါတယ်။ ကိုယ်ခံအားကျစေတဲ့ အကြောင်းရင်းတွေက အပင်ပန်းလွန်ထားခြင်း၊ အိပ်ရေးပျက်ထားခြင်း စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ထားခြင်း၊ အသီးအရွက် သစ်သီးဝလံ လုံးဝမစားခြင်း၊ ကိုယ်ခံအားကျစေတဲ့ ဆေးတွေ ရောဂါကြောင့် မှီဝဲနေရခြင်း စတာတွေ ဖြစ်ပါတယ်။
 ဘယ်လို ရောဂါလက္ခဏာတွေ စပေါ်သလဲ
အသက်ရှူ လမ်းကြောင်းထဲကို ဝင်လာတဲ့ ဗိုင်းရပ်စ်ဟာ နှာခေါင်းနဲ့ လည်မျိုရဲ့ အတွင်းနံရံကို တွယ်ကပ်ပြီး ပေါက်ပွားတဲ့အချိန်မှာ ကိုယ်ခံအားစနစ်က ၎င်းတို့ကို တိုက်ခိုက်ဖို့ သွေးဥဖြူတပ်ဖွဲ့ကို စေလွှတ်ပါတယ်။ ဒီလို တိုက်ခိုက်တဲ့အခါမှာ ၎င်းဗိုင်းရပ်စ်ကို အတိအကျ တိုက်ထုတ်နိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေ မထုတ်နိုင်သေးလို့ အရင်တုန်းက ကြုံဖူးပြီးသား ဗိုင်းရပ်စ် မဟုတ်ရင် ကိုယ်ခံအားစနစ်ဟာ ပထမဆုံး တိုက်ပွဲမှာ ရှုံးနိမ့်ပါတယ်။ ဒီအရှုံးကို သင်ခန်းစာယူပြီး လိုအပ်တဲ့ ပဋိပစ္စည်းကို ကိုယ်ခံအားစနစ်က အတိအကျ ဖော်စပ်ကာ စစ်ကူတပ်များ ထပ်မံပို့ပေးပြီး ဆက်လက် တိုက်ခိုက်စေပါတယ်။ ဒီတိုက်ပွဲကြားထဲမှာ နှာခေါင်းနဲ့ လည်မျိုက ဆဲလ်တွေ ရောင်ရမ်းကာ နာကျင်ပြီး အကျိအချွဲ (နှပ်၊ သလိပ်) တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကထုတ်တဲ့ အဆိပ်တွေကြောင့် ကိုယ်အပူချိန် တက်လာပါတယ်။ ဒီအချိန်မှာ ကိုယ်တွေလက်တွေ ကိုက်ခဲနာကျင် အားကုန်ရတဲ့ အကြောင်းရင်းကတော့ သင့်ခန္ဓာကိုယ်ရဲ့ သိုလှောင်ထားတဲ့ စွမ်းအင်တွေ အတော်များများကို ကိုယ်ခံအားစနစ်အတွက် သုံးလိုက်ရလို့ပဲ ဖြစ်ပါတယ်။ အအေးမိဖျားနာခြင်းဟာ ဘာဆေးမှ မသောက်ဘဲ နားနေလိုက်ရင် အလိုလို ပျောက်သွားတတ်တဲ့ ရောဂါမျိုးဖြစ်ပေမယ့် ဆေးခန်းအပြရဆုံး ရောဂါနဲ့ ကျောင်း၊ အလုပ် အပျက်ရဆုံး အကြောင်းတရားဖြစ်ကြောင်း စစ်တမ်းတွေအရ သိရလို့ လူထုကျန်းမာရေးအတွက် အရေးကြီးသော ပြဿနာတစ်ခုလို့ ဆိုနိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ အအေးမိတုပ်ကွေးကြောင့် တစ်နှစ်ကို ကျောင်းပျက်ကွက်မှုပေါင်း ၂၂ သန်းလောက်တောင် ရှိတယ်လို့ သိရပါတယ်။ နှစ်စဉ် တစ်နိုင်ငံလုံးရဲ့ လူဦးရေ သန်းတစ်ထောင်ကျော် ဖျားနာကြတယ်လို့ သိရပါတယ်။ ဒီအတွက် နစ်နာသွားမယ့် လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ ကုန်ကျစရိတ်တွေဟာ တွက်ကြည့်ရင် အစားထိုးမရအောင်ကို များတာတွေ့ရပါတယ်။
 ရောဂါ လက္ခဏာတွေက ဘာတွေလဲ
 အထွေအထူး ရေးပြစရာတော့ မလိုပါဘူး။ လည်ချောင်းယားခြင်း၊ နာခြင်း၊ နှာချေခြင်း၊ နှာပိတ်ခြင်း၊ မျက်ရည်ပူကျခြင်း၊ နှာရည်ကျခြင်း တွေပဲရှိရင် သာမန် အအေးမိခြင်းဖြစ်ပြီး ကိုယ်အပူချိန် မြင့်တက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတွေပါ ပါလာရင် အအေးမိတုပ်ကွေးလို့ ဆိုနိုင်ပါတယ်။
 ဘယ်လို ကာကွယ်ကုသကြမလဲ
 တုပ်ကွေးမိခြင်းရဲ့ အရေးကြီးဆုံးကုသမှုက အိပ်ရာထဲမှာ အနားယူခြင်း (Bed Rest) ပဲ ဖြစ်ပါတယ်။ ကိုယ်အပူချိန်တက်ခြင်း၊ ကိုယ်လက် ကိုက်ခြင်းတွေအတွက် ပါရာစီတမော့ပါတဲ့ ဆေးကို သောက်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာ တုပ်ကွေးရဲ့ လက္ခဏာတွေ အကုန်လုံး နီးပါးအတွက် ဆေးတစ်လုံးထဲမှာ ဆေးမျိုးစုံ စုပေါင်းဖော်ထားတဲ့ Fluza, Decolgen  စတဲ့ ဆေးမျိုးတွေ အများကြီး ရှိပါတယ်။ ဒါတွေ သောက်ရင်လည်း အဆင်ပြေစေပါတယ်။ နားနေတဲ့အချိန်မှာ ရေနွေးကြမ်း၊ ကွမ်းရွက်ပြုတ်ရည်၊ နို့ပူပူ စတဲ့ အရည်တွေများများ သောက်ပေးခြင်းဖြင့် မြန်မြန်ကောင်းစေပါတယ်။ ဗီတာမင်စီ မှီဝဲပေးခြင်းဟာ အအေးမိခြင်းကို ကြိုတင်ကာကွယ်နိုင်စွမ်း ၅၀ ရာခိုင်နှုန်းရှိတယ်လို့ သုတေသနများအရ သိရပါတယ်။ အအေးမိပြီးသား လူတွေ သောက်သုံးမယ်ဆိုရင်လည်း မြန်မြန်ပြန်ကောင်းဖို့ ထိရောက်စွာ အထောက်အကူ ပြုပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် ကာကွယ်တဲ့အနေနဲ့ ဆိုရင် တစ်နေ့ကို 500 mg (ဆေးတစ်လုံးစာ) လောက်ဆိုရင် လုံလောက်ပါတယ်။ အအေးမိနေချိန်မှာတော့ 1000-1500 mg လောက်အထိ လိုအပ်ပါတယ်။ သစ်သီးတွေကရတဲ့ ဗီတာမင်စီက အကောင်းဆုံး ဖြစ်ပေမယ့် အအေးမိနေချိန်မှာတော့ ဆေးသောက်ရတာပဲ အဆင်ပြေပါတယ်။ ကလေးငယ်တွေအတွက် ပါရာစီတမော၊ ဗီတာမင်စီတို့က ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး တိုက်ရပါမယ်။ ကိုယ့်သဘောနဲ့ကိုယ် တိုက်လို့ အချိန်အဆ အနည်းအများဖြစ်တာ တစ်ခုမှမကောင်းပါဘူး။ (ကလေးသောက်တဲ့ အချိုရည်နဲ့ ရောဖော်ထားတဲ့ ပါရာစီတမောအရည်ကို ကလေး လက်လှမ်းမမီအောင် လုံခြုံစွာ သိမ်းဆည်းပါ။ ကလေးက မသိဘဲ ချိုလို့ တစ်ပုလင်းလုံး ခိုးသောက်ကာ ပါရာစီတမော လွန်ကဲ အဆိပ်သင့်ခြင်းနဲ့ ဆေးရုံရောက်လာတာတွေ ကျွန်တော်တို့ တွေ့ဖူးလို့ သတိပေးရတာပါ။) ကိုယ်အပူချိန် အရမ်းများလာတယ်ဆိုရင် ရေအေးပတ် တိုက်ပေးနိုင်ပါတယ်။ နှာပိတ်ခြင်းကို ရေနွေးငွေ့ရှူပေးခြင်းဖြင့် သက်သာစေပါတယ်။
 ပရုတ်ဆီရှူပေးခြင်းဟာ နှာခေါင်းနဲ့ လေပြွန်အတွင်းသားတွေ ယားယံရောင်ရမ်းခြင်းကို အတိုင်းအတာတစ်ခုအထိ သက်သာစေတဲ့ အာနိသင် ရှိပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းပေးရင် လည်ချောင်းနာတာကို လျော့စေပါတယ်။ အနားယူလို့မဖြစ်တဲ့ အခြေအနေမှာ အပြင်မဖြစ်မနေ ထွက်ရမယ်ဆိုရင် မျက်နှာဖုံး တပ်စေချင်ပါတယ်။ အနည်းဆုံးတော့ တစ်ရှူး၊ လက်ကိုင်ပဝါ စတာတွေ လက်ထဲမှာ ကိုင်ထားပါ။ နှာစေးချောင်းဆိုးရင် ပါးစပ်နဲ့ နှာခေါင်းကိုအုပ်ပါ။ ဒါမှ တုပ်ကွေးသံသရာ မလည်မှာဖြစ်သလို ကိုယ်က ကိုယ်ခံအား ကျနေချိန်မှာ အခြား ဘက်တီးရီးယား ကူးစက်မှုဒဏ်တွေက ကာကွယ်ဖို့ မျက်နှာဖုံး၊ လက်ကိုင်ပဝါတို့ကို စနစ်တကျသုံးစွဲရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အအေးမိ တုပ်ကွေး ဖျားနာမဖြစ်အောင် ကိုယ်ခံအားကျစေတဲ့ အိပ်ရေးပျက်ခြင်း၊ ပင်ပန်းလွန်ခြင်းတွေ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ အများနဲ့ဆိုင်တဲ့ နေရာတွေမှာ ကိုင်တွယ်ထားတဲ့လက်ကို ဆေးကြောဖို့မမေ့ပါနဲ့။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ မှန်မှန်စားပေးပါ။ စိတ်ဓာတ် အရမ်းကျ သွားချိန်မှာ ကျန်းမာရေး ဂရုစိုက်ဖို့တော့ မမေ့ပါနဲ့။ ဘာမှပြင်းထန်တဲ့ ဝေဒနာတစ်စုံတစ်ရာ မရှိသေးဘဲ၊ ဆရာဝန် ညွှန်ကြားတာလည်း မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ပဋိဇီဝဆေးခေါ် ပိုးသတ်ဆေး (Antibiotics) မသောက်သင့်ပါဘူး။ ပဋိဇီဝဆေးက ဘက်တီးရီးယားကိုပဲ သတ်နိုင်ပြီး ဗိုင်းရပ်စ်ကို မသတ်နိုင်လို့ သောက်လည်း မထူးပါဘူး။ လူပိုပင်ပန်းတာပဲ အဖတ်တင်ပါမယ်။ များသောအားဖြင့် ဝေဒနာကို ကုတဲ့ဆေးတွေ၊ ကိုယ်ခံအားတက်စေတဲ့ အာဟာရတွေမှီဝဲပြီး နားနားနေနေနေရင် ပျောက်ကင်းသွားပါတယ်။ များသောအားဖြင့် အဖျားဟာ ၇ ရက်ကျော်သွားမှ ပဋိဇီဝဆေး သောက်သင့်တယ်လို့ အကြမ်းဖျင်း မှတ်ထားပါ။ အသက်ရှူကျပ်ခြင်း၊ ကိုယ်ပေါ်မှာ သွေးခြည်ဥတဲ့ အကွက်များထွက်ခြင်း၊ သတိလစ်မေ့မြောခြင်းစတဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပေါ်လာရင်တော့ ဆရာဝန်ကို မဖြစ်မနေ ပြရပါမယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
-